Saturday 21 September 2013

နိုင်ငံရေးအား အုပ်ချုပ်မှုတတ်ပညာ အဖြစ်ရှုမြင်သုံးသပ်ခြင်း

ဂျာမန် အဓိပတိ ဘစ်(စ)မာ့ခ် (Bismarck) က ‘နိုင်ငံရေးဆိုတာ သိပ္ပံ မဟုတ်ဘူး…..၀ိဇ္ဇာ (အတတ်ပညာ တစ်ရပ်) ဖြစ်တယ်’ ဟု ဂျာမနီ လွှတ်တော် ရိုင်း(စ)တဂ် (Reichstag) ကိုပြောကြားခဲ့သည်ဟု နာမည်ကျော်သည်။ ဘစ်(စ)မာ့ခ် ရည်ညွှန်းသည့် အတတ်ပညာဆိုသည်မှာ စုပေါင်းဆုံးဖြတ်ချက်များကို ချမှတ်ခြင်း နှင့် ၄င်းတို့ ကို အတည်ပြုခိုင်မာစေခြင်းဖြင့် လူ့ ဘောင်လောက အတွင်း ထိန်းသိမ်းကြီးကြပ်မှုကို ကျင့်သုံးခြင်းဖြစ်သည့် အုပ်ချုပ်မှုအတတ်ပညာ (the art of government) ပင်ဖြစ်သည်။ ဤကဲ့ သို့ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ရှေးဟောင်း ဂရိ ယဉ်ကျေးမှုထွန်းကားစဉ်ကာလ ဝေါဟာရ၏ မူရင်းအဓိပ္ပါယ်မှ ပေါ်ထွန်းလာသော နိုင်ငံရေး၏ ဂန္တ၀င်မြောက် အဓိပ္ပါယ်ဖွံ့ ဆိုချက် ဖြစ်တန်ရာသည်။ 

နိုင်ငံရေး ‘politics’ ဟူသော စကားလုံးသည် မြို့ ပြ - နိုင်ငံ (city-state) ဟူသော မူရင်းအဓိပ္ပါယ်ရှိသည့် ဂရိဘာသာစကား ပေါလစ်(စ) polis မှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးဟောင်း ဂရိ လူ့ အဖွဲ့ အစည်းသည် မိမိကိုယ်ပိုင် အုပ်ချုပ်မှုစနစ်ကို ပိုင်ဆိုင်သည့် လွတ်လပ်သော မြို့ ပြ - နိုင်ငံ အစုအဖွဲ့ များအဖြစ် (ဟိုနား တစု၊ ဒီနားတစု) တကွဲတပြားတည်ရှိခဲ့သည်။ ၄င်းတို့ အနက် အကြီးမားဆုံးနှင့် သြဇာအာဏာအရှိဆုံးမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် သန္ဓေတည်မွေးဖွားရာ (the cradle of democratic government) အဖြစ် မကြာခဏ တင်စားဖော်ပြခံရသည့် အေသင် (Athens) ဖြစ်သည်။ ထိုသို့ ဆိုလျှင် နိုင်ငံရေး ဆိုသည်မှာ ပေါလစ်(စ) (polis) ၏ အရေးကိစ္စများကို ရည်ညွှန်းသည်ဟု နားလည်နိုင်သည်။ တနည်းအားဖြင့် ပြောရမည်ဆိုလျှင် ‘ပေါလစ်(စ) နှင့် သက်ဆိုင်သောအရေး’ (what concerns the polis) သာဖြစ်သည်။ ထို့ ကြောင့် ဤအဓိပ္ပါယ်ဖွင့်ဆိုချက်၏ ခေတ်သစ်ပုံစံမှာ ‘နိုင်ငံတော် နှင့် သက်ဆိုင်သော အရေး’ (what concerns the state) ဖြစ်သည်။ ဤကဲ့သို့ နိုင်ငံရေးကို ရှုမြင်သုံးသပ်ကြပုံ ကို နေ့ စဉ်ပြောဆိုသုံးစွဲနေကြ ရာတွင် အထင်အရှားတွေ့ မြင်နိုင်သည်။ ဥပမာ လွှတ်တော်ကိုယ်စားလှယ်၊ သမ္မတ၊ ၀န်ကြီးချုပ် စသည်ဖြင့် အစိုးရ အဖွဲ့ ၏ ရာထူးတာဝန်များ ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များကို နိုင်ငံရေးလုပ်နေသည် ‘ _ are in politics’ ဟု၎င်း၊ ထိုကဲ့သို့  တာဝန်ထမ်းဆောင်ရန် ကြိုးစားသူများ (ဥပမာ - ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူများ) ကို နိုင်ငံရေးလောကသို့ ဝင်ရောက်လာသည် ‘entering politics’ ဟူ၍၄င်း သုံးနှုန်းပြောဆိုကြခြင်းဖြစ် သည်။ ယခုကဲ့သို့ ဖွင့်ဆိုရှင်းလင်းချက်သည် နိုင်ငံရေးသိပ္ပံ ဘာသာရပ်က ရေရှည် တည်တံ့ခိုင် မြဲအောင် ပံ့ပိုးပေးခဲ့သော အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုလည်းဖြစ်သည်။ 

နိုင်ငံရေး၏ အဓိပ္ပါယ်ကို အမျိုးမျိုးအဖုံဖုံရှုမြင်သုံးသပ်ကြရာ၌ နိုင်ငံရေးဆိုသည်မှာ ‘နိုင်ငံတော် နှင့် သက်ဆိုင်သောအရေး’ ဟူသော အယူအဆမှာ နိုင်ငံရေး ဘာသာရပ်၏ ရှေးရိုးအစဉ်အလာ အယူအဆဖြစ်သည်။ အစိုးရ၏ အုပ်ချုပ်မှုယန္တရား နှင့် အစိုးရ အဖွဲ့ ဝင်စသည်တို့ ပေါ်တွင် ဦးတည်ချက်ထား လေ့လာရန် အားသန်လာသော ဘာသာရပ်ဆိုင်ရာ လေ့လာမှုကို ယခုကဲ့သို့  ရှုမြင်သုံးသပ်မှုတွင် တွေ့ မြင်နိုင်သည်။ နိုင်ငံရေး ကိုလေ့လာသည် ဆိုသည်မှာ လိုရင်းအားဖြင့် အုပ်ချုပ်ရေးစနစ် (အစိုးရ) ကိုလေ့လာခြင်း သို့ မဟုတ် ပိုမို၍ ကျယ်ပြန့် စွာဖွင့်ဆိုရလျှင် လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးမှု (exercise of authority) ကို လေ့လာခြင်းဖြစ်သည်။ ထိုကဲ့သို့  ရှုမြင်သုံးသပ်မှုကို သြဇာအရှိန်အ၀ါကြီးမားသော အမေရိကန်လူမျိုး နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ် အိ(စ)တန် (၁၉၇၉၊ ၁၉၈၁ ခုနှစ်တွင် ထုတ်ဝေသော စာတမ်း၊ စာအုပ်များ) ၏ စာပေ၊ အရေးအသားများတွင် ပြန်လည်ဆန်းသစ်ထားသည်။ ဒေးဗစ် အိ(စ)တန် က နိုင်ငံရေး ဆိုသည်မှာ ‘တန်ဖိုးများကို လုပ်ပိုင်ခွင့်အာဏာနှင့် အညီ ခွဲဝေခြင်း သို့ မဟုတ် တန်ဖိုးများကို တရားဥပဒေ နှင့် အညီ (တရားဝင်) ခွဲဝေခြင်း’ (authoritative allocation of values) ဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ ဆိုလိုသည်မှာ နိုင်ငံရေးတွင် ကြီးမားကျယ်ပြန့် သော လူမှုအဖွဲ့ အစည်းမှ ဖိအားပေးမှုများကို ပြန်လည်တုံ့ ပြန်ဖြေရှင်းသော အစိုးရ၏ လုပ်ငန်းစဉ်အမျိုးမျိုးပါဝင်သည်။ အထူးသဖြင့် အကျိုးကျေးဇူးများ သို့ မဟုတ် သက်သာချောင်လည်ရေး ကူညီထောက်ပံ့ မှုများ (benefits)၊ ဆုလာဘ်များ (rewards) နှင့် အပြစ်ဒဏ်များ (penalties) ကို ခွဲဝေ နေရာချထားခြင်းတို့  ဖြစ်သည်။ သို့ ဖြစ်၍ လုပ်ပိုင်ခွင့် အာဏာနှင့် အညီခွဲဝေသော တန်ဖိုးများ (Authoritative values) မှာ လူမှုအဖွဲ့ အစည်းအတွင်း ကျယ်ကျယ်ပြန့် ပြန့် လက်ခံနိုင်သော တန်ဖိုးများဖြစ်ပြီး ၄င်းတို့ ကို နိုင်ငံသူ၊ နိုင်ငံသားများ အများက လိုက်နာကျင့်သုံးရသည်ဟု သတ်မှတ်ယူဆကြသည်။ ဤကဲ့သို ရှုမြင်သုံးသပ်ရာတွင် နိုင်ငံရေးသည် ‘မူဝါဒ သို့ မဟုတ် လမ်းစဉ်’ (policy) နှင့် ဆက်စပ် မှုရှိသည်။ ဆိုလိုသည်မှာ လူမှုအသိုင်းအ၀ိုင်းအတွက် လုပ်ဆောင်မှုဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်သည့် တရားဝင် သို့ မဟုတ် လုပ်ပိုင်ခွင့်အာဏာနှင့် အညီ ချမှတ်သော ဆုံးဖြတ်ချက်များ နှင့် ဆက်စပ်ပတ်သက်ခြင်းဖြစ်သည်။ 

သို့ သော်ငြားလည်း ဤအဓိပ္ပါယ် ဖွင့်ဆိုချက်၏ ထူးခြားမှုမှာ နိုင်ငံရေး၏ သဘောသဘာဝ အပေါ် အလွန်အမင်း ကန့် သတ်ထားသော ရှုမြင်သုံးသပ်ခြင်းပင်ဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား ပေါ်တွင် ဗဟိုချက်မတည်သော လူမှုပေါင်းစပ်ဖွဲ့ စည်းခြင်း စနစ်ဖြစ်သည့် ပေါ့လ်တီ (polity) အတွင်း ဖြစ်ပျက်၊ တည်ရှိနေခြင်းဖြစ်သည်။ [စကားချပ်။ ။ နိုင်ငံရေး အာဏာကို ကျင့်သုံးမှုဖြင့် စုစည်းတည်ထောင်ထားသော လူမှုအသိုင်းအ၀ိုင်း ကို ပေါ့လ်တီ (polity) ဟုခေါ်သည်။ အရစ္စတိုတယ် အနေဖြင့် အားလုံး၏ အကျိုးကျေးဇူး အတွက် လူအများတို့ ကအုပ်ချုပ်ခြင်း ကိုဆိုလိုသည်။] ထို့ ကြောင့် နိုင်ငံရေး ကို အစိုးရ ၀န်ကြီးများရုံး၊ ဥပဒေပြု လွှတ်တော်ခန်းများ၊ အစိုးရ ဋ္ဌာနများ နှင့် ထိုကဲ့သို့ သော အဖွဲ့ အစည်း၊ ဋ္ဌာနများတွင် ကျင့်သုံးလုပ်ဆောင်ကြပြီး ထိုကဲ့သို့ သော လုပ်ဆောင်မှုများတွင် အကန့် အသတ်နှင့် သီးခြားသတ်မှတ်ထားသော လူပုဂ္ဂိုလ်များ၊ မှတ်မှတ်သားသား ဆိုရလျှင် နိုင်ငံရေးသမားများ၊ အစိုးရ ၀န်ထမ်များ နှင့် (လွှတ်တော်နှင့် အစိုးရဋ္ဌာန များတွင် အမျိုးမျိုးအထွေထွေသော ကိစ္စရပ်များအတွက်) မဲဆွယ်သူများ ပါဝင်ပါတ်သက်ကြသည်။ ထို့ ကြောင့် လူအများစု၊ အဖွဲ့  အစည်း၊ ဋ္ဌာန အများစု နှင့် လူမှုအဖွဲ့ အစည်း၏ လုပ်ငန်းဆောင်တာ အများစုကို နိုင်ငံရေး၏ ပြင်ပရှိ လုပ်ဆောင်မှုများဟု သတ်မှတ်နိုင်သည်။ ဤသို့ ဆိုလျှင် စီးပွားရေး လုပ်ငန်းများ၊ စာသင်ကျောင်းများ နှင့် အခြား ပညာရေးဆိုင်ရာ အဖွဲ့ အစည်းများ၊ ရပ်ရေးရွာရေး ဆောင်ရွက်သော လူမှုအဖွဲ့ အစည်းများ နှင့် မိသားစုများ စသည်တို့ သည် နိုင်ငံရေးမဟုတ်သော သို့ မဟုတ် နိုင်ငံရေးနှင့်မသက်ဆိုင်သော (nonpolitical) အဖွဲ့ အစည်းများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့ အစည်းများသည် တိုင်းပြည်အုပ်ချုပ်ရေး နှင့် သက်ဆိုင်သောလုပ်ရပ်များတွင် ပါဝင်ပါတ်သက်မှု မရှိခြင်းကြောင့်ဖြစ်သည်။ ထိုသို့ ဆိုလျှင် နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော်ကို ဦးတည်သော လုပ်ရပ်တစ်ခုသာဖြစ်သည်ဟု အထူးပြုကာရည်ညွှန်း ဖော်ပြခြင်းသည် သိသိသာသာ တိုး၍အရေးပါလာသော ခေတ်သစ်လူနေ မှုအပေါ် နိုင်ငံတကာ သို့ မဟုတ် ကမ္ဘာအနှံ့ မှသြဇာသက်ရောက်လာမှု များကို မသိကျိုးကျွန်ပြုရာရောက်သည်။ ဥပမာ ကမ္ဘာနှင့်အ၀ှမ်း ပျံ့ နှံ့ လာသော နည်းပညာ နှင့် နိုင်ငံတကာတွင် ရင်းနှီးမြုပ်နှံ၍ ကူးသန်းရောင်းဝယ်ကြသော စီးပွားရေး ကုမ္ပဏီများ စသည် တို့ ဖြစ်သည်။ ဤကဲ့သို့ ဖွင့်ဆိုသော နိုင်ငံရေး၏ အဓိပ္ပါယ်သည် တိုင်း(ပြည်) - နိုင်ငံ (nation-state) ကို ကမ္ဘာ့ အရေးကိစ္စများတွင် လွတ်လပ်သော အဖွဲ့ အစည်း တစ်ခုအဖြစ် သတ်မှတ်ထားသည့် အချိန်ကာလများဆီမှ အကြွင်းအကျန် တစ်ခုသာဖြစ်သည်။ ထို့ အပြင် ရှုပ်ထွေးသော လူ့ အဖွဲ့ အစည်းများကို စီမံခန့် ခွဲသော အလုပ်သည် အစိုးရ တစ်ခုတည်းကသာ ရိုးရိုးရှင်းရှင်း ကိုင်တွယ်ဆောင်ရွက်ခြင်း မဟုတ်တော့ပဲ အမျိုးမျိုးသော အစိုးရနှင့်သက်ဆိုင်သော အဖွဲ့ အစည်းများ နှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့ အစည်းများ ကပါ ပါဝင်ပါတ်သက်လာသည်ကို ပို၍အသိအမှတ်ပြုလာကြသည်။ ထိုဖြစ်ရပ်က အစိုးရ (government) အား အုပ်ချုပ်မှု (governance) ဖြင့် အစားထိုးလာခြင်းခံရသည် ဟူသည့် အယူအဆတွင် ထင်ဟပ်နေသည်။ 

သို့ သော်ငြားလည်း ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုမှုကို ထပ်၍ အကျဉ်းချုံ့ နိုင်သေးသည်။ ထိုကဲ့သို့  အကျဉ်းချုံ့ လိုမှုကို နိုင်ငံရေးဆိုသည် ကို ပါတီနိုင်ငံရေး နှင့် ညီမျှခြင်းထိုးတတ်သည်တွင် အထင်အရှားတွေ့ နိုင်သည်။ တနည်းဆိုရလျှင် နိုင်ငံရေး ကမ္ဘာသည် ၀ါဒရေးရာ ယုံကြည်မှုများ အပေါ်ထောက်ခံ နိုးကြားမှုဖြင့် နိုင်ငံရေး သို့ မဟုတ် နိုင်ငံအုပ်ချုပ်ရေးတွင် ပါဝင်ပါတ်သက်သူများ (state actors) နှင့် ထိုအယူဝါဒ တို့ ကို တရားဝင် အခြေတကျ တည်ရှိသော အဖွဲ့ အစည်း ဥပမာ နိုင်ငံရေးပါတီ တခုမှတဆင့် မြှင့်တင်ရန် ကြိုးစားသူတို့ အတွက်သာ ကန့် သတ်ထားသည်။ ဤကဲ့သို့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွင် နိုင်ငံရေးသမားများကိုနိုင်ငံရေးနှင့်သက်ဆိုင်သူများဖြစ်ပြီးဖော်ပြပြီး အစိုးရ၀န်ထမ်းများကို ဘက်မလိုက်ပဲ ကြားနေပြီး ပညာသည်ပီသစွာကျင့်ကြံနေသ၍ နိုင်ငံရေးနှင့် မသက်ဆိုင်သူများအဖြစ် ရှုမြင်သည်။အလားတူစွာပင် ဥပဒေရေးရာ စီရင်ဆုံးဖြတ်ရာတွင် အဂတိ လိုက်စားမှုမရှိပဲ ရရှိနိုင်သော သက်သေအထောက်အထားဖြင့် စီရင်ဆုံးဖြတ်နေသရွေ့ တရား သူကြီးများကို နိုင်ငံရေးနှင့်မသက်ဆိုင်သူများ အဖြစ်ယူဆနိုင်သည်။ သို့ သော်ငြားလည်း တရားစီရင်ချက်သည် ပုဂ္ဂိုလ်ရေးဘက်လိုက်မှုများ၏ သို့ မဟုတ် အခြားဘက်လိုက်မှုအမျိုးမျိုးတို့  ၏လွှမ်းမိုးခြင်းခံရသော စီရင်ချက်ဖြစ်ပါက ထိုတရားသူကြီးတို့ ကို နိုင်ငံရေးနှင့် ပါဝင်ပါတ်သက်မှုရှိသည်ဟု စွပ်စွဲနိုင်သည်။ 

နိုင်ငံရေးနှင့် နိုင်ငံတော်၏ အရေးကိစ္စများ အကြား ဆက်စပ်နေမှုသည် အနှုတ်လက္ခဏာရှိသော သို့ မဟုတ် ရှုံ့ ချကဲ့ရဲ့သော သဘောတရားများ မကြာခဏ ဆက်တိုက်ဆိုသလို နိုင်ငံရေးတွင် တွဲဖက်ပါရှိလာရသည့် အကြောင်းအရင်းကို ရှင်းလင်းဖွင့်ဆိုရာတွင်လည်း အကူအညီပေးသည်။ အဘယ်ကြောင့်ဆိုသော် လူအများ၏စိတ်ထဲတွင် နိုင်ငံရေးဆိုသည်မှာ နိုင်ငံရေးသမားများ၏ လှုပ်ရှားဆောင်ရွက်မှုများ နှင့် နီးနီးကပ်ကပ် ဆက်စပ်မှုရှိနေသည်။ ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောရမည်ဆိုလျှင် နိုင်ငံရေးသမားများသည် ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ကို ၀ါဒရေးရာ ယုံကြည်မှု နှင့် တိုင်းသူပြည်သားတို့ အတွက် ၀န်ဆောင်ပေးမှုများစသည့် စကားလုံးလှလှများကို ဖောဖောကြွယ်ကြွယ်သုံးစွဲ ဟောပြောမှု၏ နောက်တွင်ဖုံးကွယ်ထားသော မိမိအာဏာရရှိရေး ကြိုးပမ်းသည့် လူလိမ်လူညာများ (power-seeking hypocrites) အဖြစ် မကြာခဏ တွေ့ မြင် နိုင်သည်။ အဂတိလိုက်စားမှု နှင့် မရိုးသားမှု သာဓကအချို့ ကို မီဒီယာ သတင်းလောကမှ ပိုမိုထိရောက်စွာ မီးမောင်းထိုးပြကာ ပြင်းပြင်းထန်ထန် ထုတ်ဖော်မှုတို့  ကြောင့် ထိုကဲ့သို့ သိနားလည်ထားမှုကို ယနေ့ ခေတ်တွင် ပိုမို၍လက်ခံလာကြသည်မှာ အမှန်စင်စစ်ပင်ဖြစ်သည်။ ထိုဖြစ်ရပ်တို့ မှနိုင်ငံရေး ဟူသည်ကို ဆန့် ကျင်သော (anti-politics) အဖြစ်အပျက်၊ အကြောင်းအခြင်းအရာကို ပေါ်ထွန်းလာစေသည်။ သမရိုးကျ နိုင်ငံရေးဘ၀၏ လူပုဂ္ဂိုလ်တို့ နှင့် လုပ်ဆောင်မှုဆိုင်ရာယန္တရားတို့ ကို ယခုကဲ့သို့ ငြင်းပယ်၊ လက်မခံနိုင်ခြင်းသည် နိုင်ငံရေး ဆိုသည်မှာ မိမိကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်သော (self-serving)၊ မီးစတဘက် ရေမှုပ်တဘက် ဖြစ်သော (two-faced)၊ အဂတိလိုက်စားသော (unprincipled) လုပ်ရပ်တစ်ခု သာဖြစ်သည် ဟူသော ရှုမြင်သုံးသပ်မှုတွင် အခြေတည်သည်။ ယခုကဲ့သို့ ရှုမြင်သုံးသပ်မှုကို ဂုဏ်သရေ ပျက်စေသော စာပိုဒ်များ ဥပမာ [လုပ်ငန်းခွင်တွင် မိမိ၏ ရာထူးအားဏာကို ခုတုံးလုပ်ကာ ကိုယ်ကျိုးစီးပွားအတွက် ဆက်ဆံဆောင်ရွက်မှုများရှိသော] ရုံးတွင်း နိုင်ငံရေး (office politics) နှင့် [ပါတီတစ်ခု သို့ မဟုတ် ကိုယ်စားလှယ်လောင်းတစ်ယောက် ကိုထောက်ခံရန် စည်းရုံးလှုပ်ရှားခြင်း သို့ မဟုတ် ဖိအားပေးခြင်းစသည့် နိုင်ငံရေးလှုပ်ရှားမှုမျိုးဖြစ်သည့်] နိုင်ငံရေးလုပ်ခြင်း (politicking) စသည်တို့  ကို သုံးစွဲရာတွင် အထင်အရှား တွေ့ မြင်နိုင်သည်။ ထိုကဲ့သို့ သော နိုင်ငံရေး၏ သဘောတရားကို နစ်ကိုလို မက်ကီးယဗဲလီ(Niccolo Machiavelli) [အီတာလျှံ လူမျိုး စာရေးဆရာ နှင့် နိုင်ငံရေးသမား (၁၄၆၉-၁၅၂၇)] ၏ စာပေများတွင် တခါတရံ ပြန်လည်ခြေရာခံ၍ တွေ့ ရှိနိုင်သည်။ ၄င်း၏ (တော်ဝင်) မင်းသား (The Prince) ဟူသော စာအုပ်တွင် နိုင်ငံရေး၏ တိတိကျကျ ဖြစ်ရပ်မှန် အကြောင်းခြင်းရာများကို ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး ကောက်ကျစ်၊ ရက်စက်၍ လိမ်ညာလှည့်ဖြားတတ်သော နိုင်ငံရေးခေါင်းဆောင်တို့ က ထိုသဘောတရား၊ အယူအဆများကို သတိထားမိကာ အသုံးချခဲ့ကြသည်။ 

ထိုကဲ့သို့ နိုင်ငံရေးကို အဆိုးမြင်ခြင်းသည် အခြေခံ လစ်ဘရယ် အယူအဆကို ရောင်ပြန်ဟပ်စေသည်။ လူတို့ သည် တစ်ဦးတစ်ယောက်ခြင်းအားဖြင့် ကိုယ်ကျိုးစီးပွားကိုကြည့်သည်၊ နိုင်ငံရေးအာဏာ သည် ဖောက်လွဲဖောက်ပြန် ဖြစ်စေသည် အဘယ်ကြောင့်ဆိုသော် လက်ဝယ်အာဏာရှိသူတို့ အနေဖြင့် မိမိကိုယ်ကျိုးစီးပွားအတွက် ရာထူးအာဏာကို အသုံးချပြီး အခြားသူတို့ အတွက် အကျိုးယုတ်စေသော လုပ်ရပ်များကို လုပ်ဆောင်ရန် နိုင်ငံရေး အာဏာက အားပေးအားမြောက် ပြုသောကြောင့်ဖြစ်သည်။ ထိုဖြစ်ရပ်ကို လော့ဒ် အက်တန် (၁၈၃၄-၁၉၀၂) ၏ ဆိုရိုးစကားတွင် ‘အာဏာသည် ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည်၊ အကြွင်းမဲ့အာဏာ သည် အဆုံးတိုင်(အကြွင်းမဲ့) ဖောက်ပြန်သည်’ ဟူ၍ ကောင်းစွာလှစ်ဟ ဖွင့်ဆိုခဲ့သည်။ သို့ သော်ငြားလည်း နိုင်ငံရေးကို ဤကဲ့သို့  ရှုမြင်သူ အနည်းအကျင်းသာ နိုင်ငံရေးလှုပ်ရှားမှု သို့ မဟုတ် နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်မှုသည် လူမှုအဖွဲ့  အစည်းတည်ရှိနေခြင်း၏ ရှောင်လွဲ၍မရသော တည်မြဲသည့် လက္ခဏာ တစ်ရပ်ဖြစ်သည်ကို သံသယရှိကြသည်။ နိုင်ငံရေးသမား တို့ ကို မည်သို့ ပင် ငွေပေး၍ရသည်၊ လာဘ်ထိုး၍ရနိုင်သည် ဖြစ်စေ ယေဘုယျအားဖြင့် လက်ခံထားသည့် အရာတစ်ခုမှာ (လက်ခံရန် ဆန္ဒမရှိလျှင်သော်မှ) ထိုသူတို့ သည် ကျွန်ုပ်တို့ နှင့် အမြဲ အတူရှိနေခြင်းဖြစ်သည်။ လုပ်ပိုင်ခွင့်အာဏာနှင့်အညီ တန်ဖိုးများကို ခွဲဝေရန်အတွက် စနစ်တစ်မျိုးမျိုး သို့ မဟုတ် အစီအစဉ် တစ်မျိုးမျိုးမရှိလျှင် အစောပိုင်းမှ လူ့ အဖွဲ့ အစည်းအတွင်း သဘောတူညီချက် (social-contract) ဆိုင်ရာ သီအိုရီ ပညာရှင်များ ငြင်းခုံဆွေးနွေးကြသကဲ့သို့ လူ့ အဖွဲ့ အစည်းသည် လုံးဝပြိုကွဲသွားပြီး တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြသည့် ပြည်တွင်းစစ်ဖြစ်လာနိုင်သည်။ ထို့ ကြောင့် မိမိတို့ လုပ်ဆောင်ရမည့် တာဝန်မှာ နိုင်ငံရေးသမားများ နှင့် နိုင်ငံရေးတို့ ကို အဆုံးသတ်၊ ရပ်တန့် မသွားစေပဲ အစိုးရ၏ အာဏာ သို့ မဟုတ် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစား ပြုလုပ်ချင်း မခံရအောင်သေချာစေသည့် စိစစ်မှုများ နှင့် ကန့် သတ်ထိန်းချုပ်မှုများရှိသည့်မူဘောင် အတွင်းတွင် နိုင်ငံရေးကို ကျင့်ကြံဆောင်ရွက်စေရန် ဖြစ်သည်။ 

Andrew Heywood ၏ Politics ကို တိုက်ရိုက်ပြန်ဆိုသည်။

No comments: