Saturday 21 September 2013

နိုင်ငံရေးအား ပြည်သူ့ ရေးရာ ကိစ္စရပ်များအဖြစ် ရှုမြင်သုံးသပ်ခြင်း

နိုင်ငံရေး အပေါ် မတူညီသော ရှုမြင်သုံးသပ်ပုံ လေးမျိုးရှိသည့် အနက် ပိုမိုကျယ်ပြန့် ပြီး ဒုတိယမြောက်ဖြစ်သော သုံးသပ်မှုမှာ နိုင်ငံရေးဆိုသည်မှာ အစိုးရ နှင့်သက်ဆိုင်သော လုပ်ငန်းဆောင်တာ (သို့ မဟုတ်) အုပ်ချုပ်ရေး စနစ် (အုပ်ချုပ်မှု အတတ်ပညာ) ဟူသော ကျဉ်းမြောင်းသည့် နယ်ပယ်ကိုကျော်လွန်ပြီး နိုင်ငံရေးအား ‘အများပြည်သူနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်တာ’ (public life) သို့ မဟုတ် ‘ပြည်သူ့ ရေးရာ ကိစ္စရပ်များ’ (public affairs) အဖြစ် ရှုမြင်သုံးသပ်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ‘နိုင်ငံရေးနှင့်သက်ဆိုင်ခြင်း’ နှင့် ‘နိုင်ငံရေးနှင့်မသက်ဆိုင်ခြင်း’ တို့ ၏ကြားမှ ကွဲပြားခြားနားမှုသည် ပြည်သူ့ ရေးရာ (၀ါ) အများ ပြည်သူနှင့် သက်ဆိုင်သော နယ်မြေ (public sphere) နှင့် ပုဂ္ဂလိက (၀ါ) ကိုယ်ရေးကိုယ်တာ နှင့် သက်ဆိုင်သော နယ်မြေ (private sphere) တို့ အကြားရှိ အပိုင်းအခြားဖြင့် တထပ်တည်း ကျနေခြင်းဖြစ်သည်။ ထိုကဲ့သို့ သော ရှုမြင်သုံးသပ်မှုကို နာမည်ကျော် ဂရိလူမျိုး တွေးခေါ်ပညာရှင် အရစ္စတိုတယ်၏ စာအုပ်၊ စာပေများတွင် မကြာခဏ ပြန်လည်ခြေရာခံ၍ တွေ့ ရှိနိုင်သည်။ ၄င်းက သူ၏ နိုင်ငံရေး ဟူသော စာအုပ်တွင် ‘လူဆိုသည်မှာ ပင်ကိုယ်သဘာဝအားဖြင့် နိုင်ငံရေး သတ္တ၀ါ တစ်မျိုးဖြစ်သည်’ ဟု အတိအလင်း ဖွင့်ဆိုခဲ့သည်။ သူဆိုလိုသည်မှာ လူသားတို့ သည် နိုင်ငံရေး (ရှိသော) အသိုင်းအ၀ိုင်း (political community) တွင်သာ ကောင်းမွန်သော ဘ၀ ‘the good life’ (အရစ္စတိုတယ်၏ ‘The good life’ သီအိုရီ အကျဉ်း ။ ။ လူသားပီပီ ဆင်ခြင်တုံတရားနှင့်အညီ ကောင်းစွာ ပြုမူကျင့်ကြံ၊ နေထိုင်ခြင်း) ကိုရှင်သန် နေထိုင်နိုင်သည် ဟူ၍ ဖြစ်သည်။ ဤရှုထောင့်မှကြည့်သောအခါ နိုင်ငံရေးဆိုသည်မှာ တရားမျှတမှုရှိသော လူ့ အဖွဲ့ အစည်း (just society) ကို ဖန်တီးခြင်းနှင့် သက်ဆိုင်သည့် ကျင့်ဝတ်နှင့်ညီသော လုပ်ဆောင်မှုတစ်ရပ် (ethical activity) ဖြစ်သည်။ ထိုသည်မှာ အရစ္စတိုတယ် ရည်ညွှန်းသော သိပ္ပံပညာရပ် ၏ ဆရာသခင် (master science) ပင်ဖြစ်သည်။ 

သို့ သော်လည်း (ကျွန်ုပ်တို့ အနေဖြင့်) ပြည်သူ့ ရေးရာ လုပ်ငန်းဆောင်တာများ နှင့် ပုဂ္ဂလိက (၀ါ) ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ အကြား မည်သည့်နေရာတွင် စည်းတား ပိုင်းခြား သင့်သနည်း။ အများပြည်သူနှင့် သက်ဆိုင်သော ပြည်သူ့ ရေးရာ နယ်ပယ် (public realm) နှင့် ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်များ နှင့် သက်ဆိုင်သော ပုဂ္ဂလိက နယ်မြေ (private realm) တို့ အကြားရှိ ရှေးရိုးအစဉ်အလာအရ ကွဲပြားခြားနားမှုသည် နိုင်ငံတော် (state) နှင့် လွတ်လပ်သော အရပ်ဘက် လူ့ အဖွဲ့ အစည်း (civil society) အကြားရှိ အပိုင်းအခြားဖြင့် ကိုက်ညီမှုရှိသည်။ နိုင်ငံတော်၏ အရေးပါသော အခြေခံ အဖွဲ့ အစည်းကြီးများ (institutions of the state) - အစိုးရအဖွဲ့ ၊ ခုံရုံး၊ တရားရုံးများ၊ ရဲတပ်ဖွဲ့ ၊ လူ့ အဖွဲ့ အစည်း လုံခြံရေး စနစ် စသည်များ - သည် လူ့ အသိုင်းအ၀ိုင်းကို တစုတစည်းတည်း စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ရှိနေစေရန် တာဝန်ရှိသည့် သဘောကြောင့် ၄င်းတို့ အား ပြည်သူ့ ရေးရာအဖွဲ့ အစည်းများ အဖြစ်သတ်မှတ်နိုင်သည်။ ထို့ အပြင် ၄င်း အဖွဲ့ အစည်းကြီးများကို တိုင်းသူပြည်သား တို့ ထံမှ ကောက်ခံရရှိသော အခွန်အခများဖြင့် ထောက်ပံ့ထားခြင်းလည်း ဖြစ်သည်။ လွတ်လပ်သော အရပ်ဘက် လူ့ အဖွဲ့ အစည်း နှင့် ခြားနားချက်မှာ ထိုအဖွဲ့ အစည်းတို့ သည် အဒ်မန်ဒ် ဘာ့ခ် (Edmund Burke (၁၇၂၉-၉၇): ဒပ်ဗလင်တွင် မွေးဖွားသူ ယူကေ နိုင်ငံရေး သီအိုရီပညာရှင် နှင့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ) က ‘တပ်စိပ် ကလေးများ’ (little platoons) ဟုခေါ်ဆိုသည့် မိသားစု နှင့် သဟာယ အစုအဖွဲ့ များ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမား သမဂ္ဂများ၊ အားကစား အသင်းအဖွဲ့  များ နှင့် ရပ်ရေးရွာရေး အဖွဲ့ များ စသည့် နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီတို့ က စုစည်း တည်ထောင်ကာ လူအများရံပုံငွေတို့ ဖြင့် ထောက်ပံ့ထားသည့် အဖွဲ့ အစည်းများဖြစ်သည်။ ၄င်းအဖွဲ့ အစည်းများသည် ပိုမိုကျယ်ပြန့် သော လူ့ အသိုင်းအ၀ိုင်း၏ အကျိုးအတွက် မရည်ရွယ်ပဲ မိမိတို့ ကိုယ်ပိုင် ဦးတည်ချက်များ နှင့် အကျိုးကျေးဇူး တစုံတရာတို့ အတွက် ရည်ရွယ်သည့် အတွက်ကြောင့် ပုဂ္ဂလိက အဖွဲ့ အစည်းများဖြစ်ကြသည်။ ဤကဲ့သို ‘့အများပြည်သူရေးရာ/ပုဂ္ဂလိက ရေးရာ’ ကွဲပြားခြားနားမှုအပေါ် အခြေခံ၍ နိုင်ငံတော်၏ လုပ်ငန်းဆောင်တာများ နှင့် ပြည် သူ့ ရေးရာ အဖွဲ့ အစည်းများက ကောင်းစွာ ကျင့်ကြံဆောင်ရွက်ရသော တာဝန်၊ ၀တ္တရားများ၌သာ နိုင်ငံရေးကို နယ်နိမိတ် ကန့် သတ် ပိုင်းခြားထားသည်။ ထို့ ကြောင့် လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက်ချင်းစီက စီမံခန့် ခွဲနိုင်ပြီး အမှန်တကယ်လည်း စီမံခန့် ခွဲကြသော လူမှုဘ၀၏ အချို့ အစိတ် အပိုင်းများ (စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ၊ ယဉ်ကျေးမှု နှင့် အနုပညာရေးရာ ကိစ္စများ စသည်ဖြင့်) သည် ရှင်းရှင်းလင်းလင်းပင် ‘နိုင်ငံရေးနှင့်မသက်ဆိုင်သော’ ကိစ္စရပ်များပင်ဖြစ်သည်။ 

အခြား ‘ပြည်သူ့ ရေးရာ/ပုဂ္ဂလိက ရေးရာ’ ပိုင်းခြားထားမှု ပုံစံတစ်မျိုးကို ပိုမို၍မထင်ရှား သော ကွဲပြားခြားနားမှုဖြင့် တခါတရံ သတ်မှတ်ဖွင့်ဆိုထားသည်။ အမည်အားဖြင့်ဆိုရသော် ‘နိုင်ငံရေး နှင့် သက်ဆိုင်သော (ကိစ္စရပ်များ)’ နှင့် ‘ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ’ ဟူ၍ ပိုင်းခြားထားခြင်း ဖြစ်သည်။ (ပုံ ၁.၁ ကို ကြည့်ပါ) လွတ်လပ်သော အရပ်ဘက် လူ့ အဖွဲ့ အစည်း ကို နိုင်ငံတော် (အဖွဲ့ အစည်း) များမှ သီးခြား ခွဲထုတ်ကာ သိမြင်နိုင်သော်လည်း ၄င်းတွင် လူအများ လက်ခံထားသော ‘ပြည်သူ့ ရေးရာ’ (public) အဖွဲ့ အစည်းများဟု ထင်မြင်ယူဆရသည့် အဖွဲ့  အစည်း အမျိုးမျိုးတို့ ပါဝင်နေသည်။ ထိုအဖွဲ့ အစည်းများသည် အများပြည်သူ အကြားတွင် လည်ပတ်လှုပ်ရှားနေပြီး အများပြည်သူတို့ က ၀င်ထွက်ဆောင်ရွက် နိုင်သည့် ထိန်းချုပ်ကန့် သတ် မှုများ မရှိသည့် အရေးပါသော အခြေခံ အဖွဲ့ အစည်းကြီးများ (open institutions) ဖြစ်သည်။ ဤကဲ့သို့ ပိုင်းခြားသတ်မှတ်မှု၏ အရေးပါသော အကျိုးသက်ရောက်မှုများမှ တစ်ခုမှာ ကျွန်ုပ်တို့ ၏ နိုင်ငံရေးဆိုင်ရာ အယူအဆကို ကျယ်ပြန့် သွားစေခြင်း ဖြစ်သည်။ အထူးသဖြင့် စီးပွားရေးကို ပုဂ္ဂလိက နယ်ပယ်မှ ပြည်သူ့ ရေးရာ နယ်ပယ်သို့ လွှဲပြောင်းခြင်းဖြစ်သည်။ သို့ ဖြစ်၍ နိုင်ငံရေး ပုံစံတစ်မျိုးကို လုပ်ငန်းခွင်တွင် တွေ့ ရှိနိုင်သည်။ ဤကဲ့သို့ ရှုမြင်သုံးသပ်ပုံက စီးပွားရေး လုပ်ငန်းများ၊ ရပ်ရေးရွာရေး အစုအဖွဲ့ များ၊ အားကစား အသင်းများ နှင့် အလုပ်သမား သမဂ္ဂများ ကဲ့သို့ သော အဖွဲ့ အစည်းများကို ‘ပြည်သူ့ ရေးရာ (public)’ အဖွဲ့ အစည်းများ အဖြစ်မှတ်ယူသော် လည်း ၄င်းမှာ နိုင်ငံရေး အပေါ် အကန့် အသတ်နှင့် ရှုမြင်ပုံ တစ်ခုအဖြစ်သာ တည်ရှိနေ သေးသည်။ ဤရှုထောင့်မှကြည့်လျှင် နိုင်ငံရေးသည် ‘ကိုယ်ရေးကိုယ်တာ’ ကိစ္စရပ်များ နှင့် (ကိုယ်ရေးကိုယ်တာ နှင့် သက်ဆိုင်သော) အရေးပါသည့် အဖွဲ့ အစည်းများ အပေါ် ကန့် သတ်၊ ချိုးဖောက်မှုများ မရှိချေ။ ကန့် သတ်၊ ချိုးဖောက်မှု များလည်း မရှိသင့်ပေ။ ဤရှုမြင်သုံးသပ်ပုံက နိုင်ငံရေးကို အိမ်ရှေ့ တံခါးဝ အရောက်တွင် အမှန်တကယ်ပင် ရပ်တန့် သွားစေသည်။ မိသားစု အရေး၊ အိမ်ထောင်ရေး သို့ မဟုတ် ကိုယ်ရေးကိုယ်တာ အရေးကိစ္စများတွင် နိုင်ငံရေးမရှိ၊ နိုင်ငံရေးနှင့် မပါတ်သက် ဆိုသည်ကို ရည်ညွှန်းကြောင်း အထူးသဖြင့် (အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ သာတူညီမျှ အခွင့်အရေးများ ရရှိရမည်ဟူသော) အမျိုးသမီးဝါဒီ (Feminist) တွေးခေါ်လေ့လာသူများက ထောက်ပြကြသည်။ ဥပမာ နိုင်ငံရေးသမားတို့ က ၄င်း တို့ ၏ အလုပ်နှင့် ပါတ်သက်သော အပြုအမူ နှင့် ကိုယ်ရေးကိုယ်တာ သို့ မဟုတ် မိသားစုအတွင်း အမူအကျင့် တို့ အကြား ရှင်းရှင်းလင်းလင်း စည်းတား ပိုင်းခြားထားတတ်ခြင်းက ဤရှုမြင်သုံး သပ်ပုံကို သိသာထင်ရှားစေသည်။ စနစ်တကျ အမျိုးအစား ခွဲခြားပြရမည် ဆိုလျှင် ဥပမာအားဖြင့် မိမိ၏ ဇနီး၊ ခင်ပွန်းသည် တို့ ကို လိမ်ညာ၊ လှည့်ဖြားခြင်း သို့ မဟုတ် သား၊ သမီး များကို ရက်ရက်စက်စက် ပြုမူဆက်ဆံခြင်း တို့ ကို ‘ကိုယ်ရေးကိုယ်တာ’ ကိစ္စရပ်များ အဖြစ်သတ်မှတ်ပြီး ၄င်းအမူအကျင့် တို့ သည် အများပြည်သူ့ ရေးရာကိစ္စရပ်များ နှင့်ပါတ်သက်သော ပြုမူလုပ်ဆောင်မှုများ အပေါ်၌ သက်ရောက်မှု မရှိကြောင်း အိမ်တွင်းရေး အမူအကျင့်တို့ ၏ နိုင်ငံရေးအရ အရေးပါမှု ကို ထိုသူတို့ အနေဖြင့် ငြင်းဆိုနိုင်ကြသည်။ 

ပြည်သူ့ ရေးရာ (Public) ပုဂ္ဂလိက (Private) နိုင်ငံတော်။ ။ အစိုးရ အဖွဲ့  လွတ်လပ်သော အရပ်ဘက် လူ့ အဖွဲ့ အစည်း။ ။ လွတ်လပ်သော (အစိုးရ အုပ်ထိန်းမှု မှ ကင်းလွတ်သော) အဖွဲ့ အစည်းများ။ ။ စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမား သမဂ္ဂများ၊ အားကစား အသင်းများ၊ မိသားစုများ စသည်ဖြင့် 

ပြည်သူ့ ရေးရာ (Public) ပုဂ္ဂလိက (Private) ပြည်သူ့ ရေးရာ နယ်ပယ်။ ။ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အလုပ်၊ အနုပညာ၊ ယဉ်ကျေးမှု စသည်ဖြင့် ကိုယ်ရေးကိုယ်တာ နယ်ပယ်။ ။ မိသားစု နှင့် အိမ်တွင်းရေး ကိစ္စရပ်များ 

(ပုံ ၁.၁) ပြည်သူ့ ရေးရာ/ပုဂ္ဂလိက အပိုင်းအခြား အပေါ် ရှုမြင်သုံးသပ်ပုံ နှစ်မျိုး နိုင်ငံရေးအား အခြေခံ 

‘ပြည်သူ့ ရေးရာ’ လုပ်ဆောင်မှု တစ်ခုအဖြစ် ရှုမြင်သုံးသပ်မှုက အပြု သဘောဆောင်သော သဘောအမြင်များ သာမက အနုတ်လက္ခဏာ ဆောင်သော ထင်မြင်ယူဆမှုများ ကိုပါ ပေါ်ထွန်းလာစေသည်။ အရစ္စတိုတယ် ၏ ခေတ်ကာလရှိ အစဉ်အလာ တစ်ခုတွင် နိုင်ငံရေးကို ၄င်း၏ ‘အများပြည်သူနှင့် သက်ဆိုင်သော’ လက္ခဏာရပ်ကြောင့် မြင့်မြတ်ပြီး အသိပညာပေးသော လုပ်ဆောင်မှုတစ်ခု အဖြစ် ရှုမြင်ကြသည်။ ထိုသဘောထားကို ‘လူသားတို့ ရှင်သန်နေထိုင်ရာ စည်းမျဉ်း (The Human Condition: 1958)’ စာအုပ်တွင် နိုင်ငံရေးဆိုသည်မှာ အရေးအပါဆုံးသော လူသားတို့ ၏ လုပ်ဆောင်မှုပုံစံ ဖြစ်ကြောင်း အကျိုးသင့်၊ အကြာင်းသင့် ဖွင့်ဆိုရှင်းလင်းထားသူ ဟန်န အရန်ဒ် (Hannah Arendt: ၁၉၀၆-၇၅) က အခိုင်အမာ ထောက်ခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ဆောင်မှုတွင် လွတ်လပ်ပြီး သာတူညီမျှရှိသော နိုင်ငံသူ၊ နိုင်ငံသားတို့ အကြားရှိ အပြန်အလှန် တုံ့ ပြန်ဆက်စပ်မှု ပါဝင်နေသောကြောင့် ဖြစ်သည်။ သို့ ဖြစ်၍ ဤလုပ်ဆောင်မှုက ဘ၀ကို အဓိပ္ပါယ်ရှိစေပြီး လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း၏ ထူးခြားမှုကို သေချာခိုင်မာစေသည်။ နိုင်ငံရေးဆိုင်ရာ လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်းသည် မွန်မြတ်သည်ဟု ရည်ညွှန်းကြသော သီအိုရီပညာရှင်များ ဖြစ်သည့် ယောန် ယက် အိုစော (Jean-Jacques Rousseau) နှင့် ဂျွန် စကျုးယတ် မေလ် (John Stuart Mill) တို့ ကလည်း အလားတူ ကောက်ချက်ချ ခဲ့ကြသည်။ အိုစော (Rousseau) က နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ (၀ါ) နိုင်ငံရေးတွင် တိုက်ရိုက် နှင့် စဉ်ဆက်မပြတ် ပါဝင်ပတ်သက်နေမှုဖြင့်သာ နိုင်ငံတော်သည် အများအကျိုး သို့ မဟုတ် ၄င်းခေါ်ဆိုသကဲ့သို့  ‘အားလုံး၏ ဆန္ဒ’ ကို သယ်ပိုးနိုင်သည်မှာ သေချာသလောက် ရှိသည်ဟူ သုံးသပ်ခဲ့သည်။ အများပြည်သူ့ ရေးရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း တို့ ၏ ကိုယ်ရေးကိုယ်တာ၊ စိတ်ဓါတ်ရေးရာ နှင့် အသိညဏ်ပညာ ဆိုင်ရာ တိုးတက်မှုတို့ ကို မြှင့်တင်ပေးသောကြောင့် အသိပညာပေးသော လုပ်ဆောင်မှုဟုလည်း မေလ် (Mill) က ရှုမြင်သုံးသပ်သည်။ သို့ သော်ငြားလည်း အထက်ပါ အယူအဆတို့ ဖြင့် ပြောင်ပြောင်တင်းတင်းပင် ဆန့် ကျင်ပြီး နိုင်ငံရေးကို အများပြည်သူ့ ရေးရာ လုပ်ဆောင်မှုအဖြစ် သတ်မှတ်ခြင်းမှာ မလိုလားအပ်သော ၀င်ရောက်စွက်ဖက်မှု ပုံစံတစ်မျိုး ဖြစ်သည်ဟုလည်း ရည်ညွှန်းဖော်ပြခြင်း ခံရသည်။ ပုဂ္ဂလိက နယ်ပယ်သည် ရွေးချယ်နိုင်ခွင့်ရှိသော နယ်မြေဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်မှု နှင့် တသီးပုဂ္ဂလ တာဝန်ဝတ္တရား တို့ ရှိနေခြင်းကြောင့် လွတ်လပ်သော အရပ်ဘက် လူ့ အဖွဲ့ အစည်းသည် နိုင်ငံတော် (အစိုးရ အဖွဲ့ အစည်းများ) ထက် သာ၍ နှစ်လိုဖွယ်ကောင်းသည်ဟု အထူးသဖြင့် လွတ်လပ်တရားမျှတရေး သီအိုရီ ပညာရှင်များ (Liberal theorists) က လှစ်ဟဖွင့်ဆိုကြသည်။ ထိုကဲ့သို့ ပုဂ္ဂလိက လွတ်လပ်မှုအပေါ် ပိုမို၍ နှစ်လိုခြင်းကို နိုင်ငံရေး နယ်ပယ်ကို ကျဉ်းမြောင်းသွားရန် ကြိုးပမ်းမှုများက သိသာထင်ရှားစေသည်။ များသောအားဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များဖြစ်သည့် စီးပွားရေး၊ အားကစား နှင့် မိသားစုဘ၀ (အိမ်တွင်းရေး) တို့ မှ နိုင်ငံရေးကို ခွဲထုတ်ထားလိုသည့် ဆန္ဒဖြင့် ဖော်ပြကြခြင်း ဖြစ်သည်။ ဤရှုထောင့်မှ ကြည့်သောအခါ နိုင်ငံရေးသည် အမှန်ပင် ကောင်းကျိုးမပြုပေ။ အဘယ်ကြောင့်ဆိုသော် လူတို့ ၏ မိမိတို့ ဆန္ဒရှိသလို ရွေးချယ်လုပ်ကိုင်မှုကို ကန့် သတ်ပိတ်ပင်သောကြောင့် ဖြစ်သည်။ ဥပမာ အားဖြင့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် ၄င်းတို့ ၏ လုပ်ငန်းများကို မည်သို့ စီမံခန့် ခွဲသင့်သည်၊ မည်သည့် အသင်းအဖွဲ့ များဖြင့် မည်ကဲ့သို့ ကျွန်ုပ်တို့ ယှဉ်ပြိုင် ကစားသင့်သည်၊ ကျွန်ုပ်တို့ ၏ သား၊ သမီးများကို မည်ကဲ့သို့  ပြုစုပျိုးထောင်သင့်သည် စသည်ဖြင့် နိုင်ငံရေးက ၀င်ရောက်စွက်ဖက် လာနိုင်သောကြောင့် ဖြစ်သည်။ 

Andrew Heywood ၏ Politics ကို တိုက်ရိုက်ပြန်ဆိုသည်။

No comments: