Saturday 21 September 2013

နိုင်ငံရေးအား နှစ်ဖက်ညှိနှိုင်းလိုက်လျောခြင်း နှင့် ဘုံသဘောတူညီမှု တည်ဆောက်ခြင်း အဖြစ် ရှုမြင်သုံးသပ်ခြင်း

နိုင်ငံရေးအပေါ် မတူညီသော ရှုမြင်သုံးသပ်ပုံ လေးမျိုးရှိသည့် အနက် တတိယမြောက် ရှုမြင်သုံးသပ်ပုံမှာ နိုင်ငံရေးကို မည်သည့်နယ်ပယ်တွင် လိုက်နာကျင့်သုံးသည်ဆိုသည့် နိုင်ငံရေးကျင့်သုံးသည့် နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ခြင်း တို့ နှင့် များစွာ မသက်ဆိုင်ပဲ ဆုံးဖြတ်ချက်များကို မည်သို့ မည်ပုံ ဆုံးဖြတ်သည် ဆိုသည်နှင့်သာ သက်ဆိုင်သည့် ရှုမြင်သုံးသပ်မှု ဖြစ်သည်။ အင်အားသုံးကာ ပြောင်ပြောင်တင်းတင်း အာဏာကိုအသုံးပြု ဖြေရှင်းခြင်းပြုမည့် အစား နှစ်ဖက်မျှတစွာ ညှိနှိုင်းလိုက်လျောခြင်း၊ ဖြန်ဖြေခြင်း နှင့် စေ့စပ်ဆွေးနွေးခြင်းတို့ ဖြင့်သာ ကျေလည်ငြိမ်းအေး စေသည့် ပဋ္ဋိပက္ခဖြေရှင်းရေး နည်းလမ်းတစ်သွယ် အဖြစ် နိုင်ငံရေးအား ရှုမြင်ခြင်းဖြစ်သည်။ ၄င်းမှာ နိုင်ငံရေးအား ‘ဖြစ်မြောက် အောင်မြင်နိုင်သည့် အတတ်ပညာ (the art of the possible)’ အဖြစ် ရည်ညွှန်းဖော်ပြသော အခါ ဆိုလိုသည့် အဓိပ္ပါယ် ဖြစ်သည်။ ဤကဲ့သို့ 
ရှုမြင်သုံးသပ်ပုံမှာ နေ့ စဉ်ပြောဆို သုံးစွဲရာတွင်  ပင်ကိုယ် သဘောသဘာဝအားဖြင့် အခြေခိုင် တည်ရှိပြီး ဖြစ်သည်။ ဥပမာ - မကြာခဏဆိုသလို ရည်ညွှန်းကြသော စစ်ရေးကိုအသုံး
ပြုဖြေရှင်းခြင်း (‘military’ solution) နှင့်ဆန့် ကျင်ပြီး ပဋ္ဋိပက္ခ သို့ မဟုတ် ပြဿနာ တစ်စုံတစ်ရာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာခြင်း (‘political’ solution) ဟု ရည်ညွှန်းဖော်ပြပါက ငြိမ်းချမ်းစွာဆွေးနွေး၊ ဖြန်ဖြေပြီး ပြေလည်ဖြေရှင်း ခြင်းကို ဆိုလိုသည်သာ ဖြစ်သည်။ တဖန် ထိုကဲ့သို့ နိုင်ငံရေးအား ရှုမြင်သုံးသပ်ပုံကို အရစ္စတိုတယ်၏ စာပေ၊ အရေးအသားများတွင် ပြန်လည်ခြေရာခံ တွေ့ ရှိနိုင်သည်။ အထူးသဖြင့် သြဇာအာဏာရှိသော လူနည်းစုအုပ်စိုးသော စနစ် (aristocratic) နှင့် ဒီမိုကရေစီစနစ် (democratic) တို့ ၏ လက္ခဏာရပ်များ ပေါင်းစပ်ပါဝင်သည့် ‘ပေါ့လ်တီ (polity)’ - အားလုံး၏ အကျိုးကျေးဇူးအတွက် လူအများတို့ က
အုပ်ချုပ်ခြင်း - သည်သာ အပြစ်အနာအဆာ ကင်းစင်၍ အကောင်းမွန်ဆုံးသော အုပ်ချုပ်ရေးစနစ်
ဖြစ်သည်ဟူသော ၄င်း၏ ယုံကြည်မှုပေါ်တွင် ခြေရာခံတွေ့ ရှိနိုင်သည်။ ထိုရှုမြင်သုံးသပ်မှုကို
ယနေ့ ခေတ်တွင် ပြန်လည်ဆန်းသစ် ထုတ်ဖော်သူ ရှေ့ ဆောင် ပုဂ္ဂိုလ်များအနက်မှ တစ်ဦးမှာ ဘားနာ့ဒ် ခရစ်က် (Bernard Crick) ဖြစ်သည်။ ၄င်း၏ ဂန္တ၀င်မြောက် လေ့လာသုံးသပ်မှုဖြစ်သော ‘နိုင်ငံရေးအား ကာကွယ်စောင့်ရှောက်ခြင်း (In Defence of Politics)’ တွင် နိုင်ငံရေးအား အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

နိုင်ငံရေးဆိုသည်မှာ အုပ်ချုပ်ရာ နယ်မြေတစိတ်တဒေသ အတွင်းရှိ (နေထိုင်သူတို့ ၏) မတူညီသော အကျိုးကျေးဇူးများ၊ ရည်သန်ရာများကို ဖြန်ဖြေ၊ ပေါင်းစည်းပေးသည့် လုပ်ရပ်တစ်ခုဖြစ်သည်။
လူ့ အသိုင်းအ၀ိုင်း တစ်ခုလုံး၏ ရှင်သန်ရေး နှင့် သာယာစည်ပင်ရေး အပေါ် ၄င်းတို့ ၏ အရေးပါ၊ အရာရောက်မှု အတိုင်းအတာကို မူတည်၍ ထိုသူတို့ အား အာဏာကို ခွဲဝေပေးခြင်းဖြင့် ပြေလည်အောင်
ညှိနှိုင်းပေးခြင်း ဖြစ်သည်။ (ခရစ်က်၊ [၁၉၆၂] ၂၀၀၀: ၂၁)

သို့ ဖြစ်၍ ဤရှုမြင်သုံးသပ်မှုတွင် နိုင်ငံရေး၏ သော့ချက်သည် အာဏာကို ကျယ်ကျယ်ပြန့် ပြန့် 
ခွဲဝေ ဖြန့် ကျက်ထားခြင်း ဖြစ်သည်။ ပဋ္ဋိပက္ခ ဆိုသည်မှာ ရှောင်လွှဲ၍ မရနိုင်သည်ကို သဘောတူ လက်ခံသည့် အတွက် ခရစ်က် က လူမှုရေး အစုအဖွဲ့ များ နှင့် ကိုယ်ကျိုးစီးပွားများ သို့ မဟုတ် ကိုယ်ကျိုးစီးပွားအတွက် ရည်သန်လှုပ်ရှားမှုများ အနေဖြင့် အာဏာကို ရရှိပိုင်ဆိုင်လာ ကြသောအခါ ၄င်းတို့ အနေဖြင့် အချင်းချင်း ညှိနှိုင်း၊ ဖြန်ဖြေကြရမည် ဖြစ်ပြီး တစ်ဦးကိုတစ်ဦး ချေမှုန်းဖျက်ဆီးလိုက်ခြင်းဖြင့် ပြဿနာ တစုံတရာတို့ သည် ကျေလည်၊ ငြိမ်းအေးသွားမည် မဟုတ်ဟုဆိုသည်။ ထို့ ကြောင့် ၄င်းက နိုင်ငံရေးအား ‘အကြမ်းဖက်ခြင်း နှင့် ဖိအားပေးခြင်းတို့ 
အစား ညှိနှိုင်းဖြန်ဖြေခြင်းကိုသာ ရွေးချယ်သော လူ့ အဖွဲ့ အစည်း၏ စီစဉ်တည်ရှိမှု (ကျင့်ဝတ်များ၊ အခြေခံ အဖွဲ့ အစည်းကြီးများ နှင့် ဖွဲ့ စည်းတည်ရှိပုံ) ပြဿနာ (the problem of order) ကို ဖြေရှင်းပေးသည့် အရာ’ ဟု ညွှန်းဆိုဖော်ပြသည်။ ထိုကဲ့သို့ နိုင်ငံရေးကို ရှုမြင်သုံးသပ်ပုံက လွတ်လပ်တရားမျှတရေး၏ အကျိုးအကြောင်းဆိုင်ရာ သဘောတရားများ (liberal-rationalist principles) ၌ နက်ရှိုင်းခိုင်မာစွာ အမြစ်တွယ်နေကြောင်း ပြသနေသည်။ ၄င်းမှာ အကျိတ်အနယ်၊ အခြေအတင် ဆွေးနွေးခြင်း နှင့် ဆွေးနွေးဖလှယ်ခြင်း တို့ ၏  ဖြစ်မြောက်အောင်မြင်နိုင်မှု အပေါ် အခိုင်အမာ ယုံကြည်သက်ဝင်နေမှုကို အခြေခံသည်။ ထို့ အပြင် လူ့ အဖွဲ့ အစည်းသည် မသင့်မြတ်၊ မညီညွတ်နိုင်သော ပဋ္ဋိပက္ခနှင့် မဟုတ်ပဲ အများ သဘောတူညီမှုဖြင့်သာ ထူးခြားထင် ရှားစေသည် ဟူသော ယုံကြည်မှုပေါ်တွင်လည်း အခြေခံထားသည်။ တနည်းအားဖြင့် လက်ရှိတည်ရှိနေသာ သဘောကွဲလွဲမှုများကို ခြိမ်းခြောက်၊ အကျပ်ကိုင်ခြင်း နှင့် အကြမ်းဖက်ခြင်းတို့ ဖြင့် မဟုတ်ပဲ ပြေလည်အောင် ဖြေရှင်းနိုင်သည်ကို ဆိုလိုသည်။ သို့ သော်လည်း ဝေဖန်သုံးသပ်သူတို့ က ခရစ်က်၏ နိုင်ငံရေး အပေါ် ရှုမြင်သုံးသပ်ပုံမှာ လူမျိုးဘာသာစုံ သာတူညီမျှ၊ အတူတကွ နေထိုင်ကြသော ဒီမိုကရေစီစနစ် ကိုကျင့်သုံးသည့် အနောက်နိုင်ငံများ (western pluralist democracies) ၌သာရှိသော နိုင်ငံရေးစနစ်အပေါ် များစွာ တိမ်းညွတ်နေသည်ဟု ဝေဖန်
ထောက်ပြကြသည်။ အကယ်စင်စစ်တွင် ခရစ်က် က နိုင်ငံရေးကို ရွေးချယ်တင်မြောက်ခွင့် နှင့် ပါတီ ယှဉ်ပြိုင်မှုတို့ ဖြင့် ချိန်ခွင်လျှာညှိလိုက်ခြင်း ဖြစ်သည်။ အကျိုးသက်ရောက်မှု အားဖြင့် ၄င်း၏ နိုင်ငံရေးအပေါ် ဖွင့်ဆိုသုံးသပ်မှုပုံစံမှာ တစ်ပါတီ စနစ်ကို ကျင့်သုံးသော နိုင်ငံများ (one-party states) သို့ မဟုတ် စစ်အစိုးရများ (military regimes) နှင့် ပတ်သက်သောအခါ ကျွန်ုပ်တို့ ကို အနည်းအကျဉ်းသာ ရှင်းလင်းတင်ပြနိုင်သည်။

ဤကဲ့သို့ သော နိုင်ငံရေးအပေါ် ရှုမြင်သုံးသပ်ပုံ၌ တခြားရှုမြင်ပုံတို့ နှင့် ရောထွေးမှားယွင်းဖွယ်ရာ မရှိသော အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ် ရှိသည်။ နိုင်ငံရေးသည် ပြီးပြည့်စုံသော၊ အကောင်းဆုံးသော (ပဋ္ဋိပက္ခ) ဖြေရှင်းနည်း မဟုတ်သော်လည်း (နှစ်ဖက်ညှိနှိုင်း လိုက်လျောခြင်း ဆိုသည်မှာ နှစ်ဖက်လုံးမှ လိုက်လျော၊ အလျှော့ပေးခြင်းများ ပြုလုပ်ရပြီး မည်သူမျှ ပြည့်ပြည့်၀၀ ကျေနပ်သဘောတူသည် မဟုတ်ချေ) အခြားဖြေရှင်းနည်းများ ဖြစ်သော သွေးထွက်သံယို သတ်ဖြတ်ခြင်း နှင့် စာနာမှုကင်းမဲ့စွာ အကြမ်းဖက်ရက်စက်ခြင်း တို့ ဖြင့် နှိုင်းယှဉ်လျှင် ပို၍ နှစ်လိုဖွယ်ကောင်းသည်မှာ ယုံမှားဖွယ်ရာ မရှိချေ။ ထိုသဘောတရားအရ နိုင်ငံရေးကို ယဉ်ကျေးသော၊ ယဉ်ကျေးစေသော တွန်းအားတစ်ခု အဖြစ်ရှုမြင်နိုင်သည်။ လူအများတို့ ကိုလည်း နိုင်ငံရေးအား လုပ်ဆောင်မှုတစ်ခု အဖြစ် အသိအမှတ်ပြု၊ လေးစားလာစေရန် အားပေးသင့်သည်။ မိမိတို့ ရပ်ရွာ၊ အသိုင်းအ၀ိုင်း၏ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းဆောင်တာ များတွင် ပါဝင်ဆောင်ရွက် နိုင်ရန်လည်း ပြင်ဆင်ထားသင့်ကြသည်။ သို့ သော်လည်း ခရစ်က် က နိုင်ငံရေးအား အခက်အခဲ၊ ပြဿနာများစွာ ၀န်းရံနေပြီး မကြာခဏ ဥပေက္ခာပြုခံရသော လုပ်ရပ်တစ်ခုအဖြစ် မြင်သည်။ ၄င်းက နိုင်ငံရေး၏ အဓိကရန်သူမှာ ‘မည်သည့် နည်းနှင့်မဆို သေချာ ခိုင်မာစေလိုသည့် ဆန္ဒ’ ဖြစ်ပြီး ထိုဆန္ဒကို နိုင်ငံရေး အယူဝါဒများ၏ စွဲဆောင်မှုရှိသော သြဇာလွှမ်းမိုးမှု၊ ဒီမိုကရေစီဝါဒ ကို အစွန်းရောက် သက်ဝင်ယုံကြည်မှု၊ အစွန်းရောက် အမျိုးသားရေးဝါဒ၏ အကျိုးသက်ရောက်မှု နှင့် (မိမိ၏ကိုယ်ပိုင် ယုံကြည်ချက်၊ အယူအဆများ ကင်းရှင်းသော) ဓမ္မဓိဋ္ဌာန်ကျသည့် အမှန်တရားကို ဖော်ထုတ်ရန် အာမခံချက်ရှိသော သိပ္ပံပညာရပ် စသည်တို့ အပါအ၀င် ပုံစံမျိုးစုံဖြင့် ထင်ရှားစွာ တွေ့ ရှိနိုင်သည်ဟု သတိပေးသည်။

Andrew Heywood ၏ Politics မှ Politics as Compromise and Consensus ကို တိုက်ရိုက် ဘာသာပြန်ဆိုသည်။

No comments: