Saturday 21 September 2013

နိုင်ငံရေးဆိုတာ ဘာလဲ?

“လူဆိုသည်မှာ ပင်ကို သဘာဝအားဖြင့် နိုင်ငံရေး သတ္တ၀ါ တစ်မျိုးဖြစ်သည်။” 

အရစ္စတိုတယ် 

လူတို့ တစ်ဦးနှင့်တစ်ဦး အကြား သဘောထား ကွဲလွဲကြသည့် အတွက် နိုင်ငံရေးသည် စိတ်လှုပ်ရှား တက်ကြွဖွယ်ရာ ဖြစ်သည်။ လူသားတို့ သည် ၄င်းတို့ အနေဖြင့် မည်သို့ နေထိုင်ကျင့် ကြံသင့်သည်၊ မည်သူက မည်သည့် အရာကို ရယူပိုင်ဆိုင် သင့်သည်၊ အာဏာ နှင့် အခြား အရင်းအမြစ်များကို မည်သို့ ဝေငှခွဲခြမ်းသင့်သည်၊ လူ့ အဖွဲ့ အစည်းသည် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း (cooperation) သို့ မဟုတ် ပဋ္ဋိပက္ခဖြစ်နေခြင်း (conflict) စသည် တို့ တွင် အခြေတည်သင့်သည် စသည် စသည် ဖြင့် သဘောထား အယူအဆများ ကွဲလွဲကြသည်။ အနှီ ကိစ္စရပ်များကို မည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းသင့်သည်ကိုလည်း လူသားတို့ သဘောထား ကွဲလွဲကြပြန်သည်။ မည်ကဲ့သို့ တစုတစည်းတည်းသော ဆုံးဖြတ်ချက်များကို ချမှတ်ကြမည်နည်း၊ မည်သူက ပြောရေးဆိုခွင့် ရှိသင့်သနည်း၊ လူတိုင်းကိုယ်စီ မည်မျှ သြဇာရှိသင့်သနည်း စသည်ဖြင့် သဘောထားကွဲလွဲကြသည်။ အရစ္စတိုတယ် အတွက်မှာမူ နိုင်ငံရေး သည် သပ္ပံပညာရပ်၏ ဆရာသခင် (master science) ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့ ၏ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း နှင့် ကောင်းမွန်မြင့်မြတ်သော လူ့ အဖွဲ့ အစည်း (Good Society) ကို ဖန်တီးရေး အတွက် ကြိုးပမ်းမှုဖြစ်သော လုပ်ရပ်မျှ အရေးပါသော အရာ တခြားမရှိသော ကြောင့်ဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ အခြားအရာအားလုံးထက် အရေးအကြီးဆုံးဖြစ်သော လူမှုပေါင်းဖော်ဆက်ဆံရေးဆိုင်ရာ လုပ်ဆောင်မှု (social activity) တခုဖြစ်သည်။ နိုင်ငံရေးသည် အစဉ်အမြဲအားဖြင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် စကားပြောဆိုခြင်း (dialogue) ဖြစ်၍ မည်သည့်အခါမှ တစ်ဦးတည်း၊ တဖက်တည်း စကားပြောဆိုနေခြင်း (monologue) မဟုတ်ချေ။ တစ်ဦးတစ်ယောက်တည်း အထီးကျန်နေသောသူများ ဥပမာ ရော်ဘင်ဆင် ကရူးဆိုး ကဲ့သို့ သောသူများ အနေဖြင့်မူ ရိုးရှင်းသော စီးပွားရေးစနစ်ကို ထူထောင်နိုင်ကောင်း ထူထောင်နိုင်လိမ့်မည်၊ အနုပညာ စသည်တို့ ကို ဖန်တီးထုတ်လုပ်နိုင်ကောင်း ထုတ်လုပ်နိုင်မည် သို့ သော်ငြားလည်း ထိုသူတို့  အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပါတ်သက် နိုင်မည် မဟုတ်ချေ။ မောင်သောကြာ သို့ မဟုတ် မယ်သောကြာ စတင်ရောက်ရှိလာချိန်မှ စ၍သာ နိုင်ငံရေး ပေါ်ထွန်းလာခြင်းဖြစ်သည်။ [စကားချပ်။ ။ ဒဲနီယဲလ် ဒဲဖိုး ၏ ရော်ဘင်ဆင် ကရူးဆိုး ၀တ္ထု မှ သင်္ဘောပျက်၍ ကျွန်းပေါ်တွင် သောင်တင်နေသော အထီးကျန် ရော်ဘင်ဆင် ကရူးဆိုး ၏ တဦးတည်းသော ကျွန်ယုံ တပည့်ရင်း မောင်သောကြာ] သို့ သော်ငြားလည်း နိုင်ငံရေး၏ အလယ်ဗဟိုချက်တွင် တည်ရှိနေသော သဘောကွဲလွဲခြင်းသည် ကျယ်ဝန်းလာရာ ထိုအကြောင်းအရာ၊ ဘာသာရပ်၏ သဘောသဘာဝ နှင့် ထိုဘာသာရပ်ကို မည်ကဲ့ သို့ လေ့လာသင့်သည်ဆိုသည်အထိပါ ကျယ် ပြန့် တိုးပွားလာသည်။ လူတို့ သည် လူ့ ဘောင်လောက အတုံ့ အပြန် လှုပ်ရှားဆောင်ရွက်မှုများကို နိုင်ငံရေးဆက်နွယ်လာအောင် မည်သည့်အရာက ဖန်တီးသနည်း ဆိုသည်နှင့် နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်မှုကို မည်ကဲ့  သို့ အကောင်းဆုံး ဝေဖန်ပိုင်းခြားကာ ဖွင့်ဆိုရှင်းပြနိုင်မည်နည်း စသည်တို့ တွင်လည်း သဘောထားကွဲလွဲကြသည်။  

နိုင်ငံရေးကို အဓိပ္ပါယ်ဖွံ့ ဆိုခြင်း 

နိုင်ငံရေးကို အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရမည် ဆိုလျှင် နိုင်ငံရေးသည် လူသားတို့ ၏ ၄င်း တို့ အသက်ရှင်နေထိုင်မှုဆိုင်ရာ အထွေထွေ စည်းမျဉ်းတို့ ကို ပြဋ္ဌာန်းခြင်း၊ ထိုစည်းမျဉ်းတို့ ကို ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ ဖြင့် သက်ဆိုင်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ တဖန် နိုင်ငံရေး သည် လေ့လာသင်ကြားရသည့် ပညာရပ်တစ်ခုဖြစ်နေပြန်သော်လည်း (အင်္ဂလိပ် စာဖြင့်ရေးလျှင် တခါတရံ Politics ၏ အစစာလုံး P ကို စာလုံးအကြီး (capital letter) P ဖြင့် ဖော်ပြတတ်သည်) အထက်ဖော်ပြပါ လုပ်ဆောင်မှုကို လေ့လာမှုပြုခြင်းသာ ဖြစ်သည်။ ထို့ ကြောင့် နိုင်ငံရေးသည် ထူးခြားသော အကြောင်းအခြင်းအရာများ ဖြစ်သည့် ပဋိပက္ခ (conflict) နှင့် ပူးပေါင်းဆောင်ရွက်မှု (cooperation) စသည် တို့ နှင့် ခွဲခြား၍ မရနိုင်အောင် ဆက်စပ်နေသည်။ တဘက်တွင် အပြိုင်အဆိုင်ဖြစ်နေသော ထင်မြင်ယူဆချက်များ၊ မတူညီသော လိုအင်များ၊ ယှဉ်ပြိုင် အသာလုနေရသော လိုအပ်ချက်များ နှင့် ဆန့် ကျင်ဘက်ဖြစ်နေသော အကျိုးကျေးဇူးများ တည်ရှိနေခြင်းသည် လူသားတို့ ရှင်သန်နေထိုင်မှုဆိုင်ရာ စည်းမျဉ်းများနှင့် ပါတ်သက်၍ သဘောထား ကွဲလွဲမှုကို အာမခံစေသည်။ အခြားတဘက်တွင်လည်း ထိုစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာစောင့်ထိန်းကြသည်ကို သေချာစေရန် နှင့် ၄င်း တို့ နှင့်ပါတ်သက်သောလုပ်ငန်းဆောင်တာများတွင် သြဇာသက်ရောက်မှုရှိစေရန် အခြားသူများနှင့်အတူ တွဲဖက် အလုပ်လုပ်ကြရမည်ကိုလည်း လူသားတို့ အနေနှင့် သိမှတ်နားလည်ထားသည်။ ထို့ ကြောင့် ဟန်န အရန်းဒ် က နိုင်ငံရေးအာဏာကို သဘောတူညီညွတ်စွာ လုပ်ဆောင်ခြင်း (acting in concert) ဟု အဓိပ္ပါယ် ရှင်းလင်း ဖွံ့ ဆိုခြင်းဖြစ်သည်။ ထို့ အတွက်ကြောင့် နိုင်ငံရေး၏ အနှစ်သာရကို အတိုက်အခံ အပြိုင်အဆိုင်ဖြစ်နေသော အယူအဆများ သို့ မဟုတ် ယှဉ်ပြိုင်အသာလု နေရသော အကျိုးစီးပွားများကို တခုနှင့်တခု ပြန်လည်သင့်မြတ် ပေါင်းစည်းပေးသည့် ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်တရပ် အဖြစ် မကြာခဏ ရည်ညွှန်းဖော်ပြခြင်း ခံရသည်။ သို့ သော်ငြားလည်း ယခုကဲ့သို့ ရိုးရှင်းစွာ ဖွင့်ဆိုထားသော နိုင်ငံရေးဆို သည်မှာ ပဋိပက္ခကို အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်းဟု တွေးထင်မည့် အစား ပဋိပက္ခ ဖြေရှင်းရေး ကြိုးပမ်းမှုတရပ် အနေဖြင့်သာ မှတ်ယူသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပဋိပက္ခ သို့ မဟုတ် ပြဿနာများ အားလုံးသည် ပြေလည်ကြေအေးသွားခဲ့ကြသည် မဟုတ်သလို ပြဿနာများ အားလုံးသည် လည်း ပြေလည်ဖြေရှင်း၍ ရနိုင်သည် မဟုတ်ချေ။ ရှောင်လွဲ၍ မရနိုင်သော မတူညီကွဲပြားမှုများရှိနေခြင်း (ကျွန်ုပ်တို့ အားလုံး တဦးနှင့်တဦး မတူညီကြ) နှင့် မပေါများခြင်း (ဘယ်သောအခါမျှ လူတိုင်းကိုယ်စီအတွက် လုံလောက်စွာ မရှိခြင်း) တို့ က နိုင်ငံရေး ကို ရှင်သန်နေထိုင်ကြီးပြင်းရာ လူ့ ဘ၀၏ ဧကန်အမှန်ဖြစ်သော လက္ခဏာတရပ် အဖြစ်သေချာခိုင်မာစေသည်။ 

နိုင်ငံရေး၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းလင်းရန် ကြိုးပမ်းမှုမှန်သမျှ အဓိက ပြဿနာ နှစ်ရပ်ကို ဖြေရှင်းရသည်။ ပထမ ပြဿနာမှာ ထိုစကားလုံးကို နေ့ စဉ်သုံးစွဲကြရာတွင် အခြားအကြောင်းအရာများနှင့် မြောက်များစွာ ပေါင်းစပ်ကာ အဓိပ္ပါယ် ချဲ့ ထွင်သုံးစွဲမှုဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံရေးဆိုသော စကားလုံးသည် မူရင်းအဓိပ္ပါယ်ကို ကျော်လွန်ကာ အဓိပ္ပါယ်အမျိုးမျိုးချဲ့ ထွင်သုံးစွဲနိုင်သော ဝေါဟာရ (loaded term) ဖြစ်သည်။ လူအများစု တို့  အနေဖြင့် ဘောဂဗေဒ၊ ပထ၀ီ၊ သမိုင်း နှင့် ဇီဝဗေဒ စသည်တို့ ကို လေ့လာသင်ကြားရာ ဘာသာရပ်များ အဖြစ် လွယ်လွယ် ရှင်းရှင်း သိမြင်ကြသော်လည်း လူနည်းစုသာ နိုင်ငံရေးကို ကြိုတင်တွေးမြင်ထားခြင်း မရှိပဲ မည်ကဲ့သို့ သော ဘာသာရပ်ဖြစ်သည်ကို သဘောပေါက် နားလည်နိုင်သည်။ ဥပမာ - နိုင်ငံရေးဘာသာရပ် ကို လေ့လာသူ ကျောင်းသူ၊ ကျောင်းသားများ နှင့် သင်ကြားပေးသူ ဆရာများသည် တနည်းမဟုတ် တနည်းအားဖြင့် (အတွေးအခေါ်၊ အယူအဆ) ကွာဟမှုများ သို့ မဟုတ် တဖက်စောင်းနင်း ဖြစ် မှုများ ရှိကိုရှိရမည်ဟု လူအတော်များများက အလိုအလျောက် ယူဆကြပြီး နိုင်ငံရေး ဘာသာရပ်သည် ဘက်လိုက် မှုမရှိပဲ၊ မျှမျှတတ နှင့် စိတ်ခံစားမှုကိုဦးစားမပေးပဲ ချဉ်းကပ်လေ့လာနိုင်သည့် ဘာသာတရပ်ဟု ယုံကြည်ရန် ခက်ခဲကြသည်။ ထို့ ထက်ဆိုးသည်က နိုင်ငံရေး ဟူသော ဝေါဟာရကို များသောအားဖြင့် လူအများမကြားနိုင်သော၊ စက်ဆုပ်ဖွယ်ကောင်းသော စကားလုံး (dirty word) အဖြစ် ထင်မြင်ယူဆကြခြင်း ဖြစ်သည်။ နိုင်ငံရေး ဟု ဆိုလိုက်သည်နှင့် ပြဿနာ၊ ဖရိုဖရဲ ဖြစ်ခြင်း နှင့် အကြမ်းဖက်မှုစသည့် ပုံရိပ်များ ကိုတဘက်၊ လိမ်လည်လှည့်ဖြားခြင်း၊ ပရိယာယ်နှင့် စီမံဆောင်ရွက်ခြင်း နှင့် လိမ်ညာ မှုများ စသည့် ပုံရိပ်များ ကိုတဘက် မြင်ယောင်မိစေသည်။ ဤကဲ့သို့ နိုင်ငံရေး ဝေါဟာရကို အခြားအကြောင်းအရာများ နှင့် ပေါင်းစပ် အဓိပ္ပါယ်ဖွင့်ဆိုခြင်းမှာ အသစ်အဆန်း မဟုတ်ပေ။ ၁၇၇၅ ခုနှစ် တွင် ဗြိတိသျှ စာရေးဆရာ၊ ကဗျာဆရာ ဆန်မြူရယ် ဂျွန်ဆင် က နိုင်ငံရေးသည် ကမ္ဘာပေါ်တွင် သြဇာအာဏာ တိုးတက်လာနိုင်ရေး နည်းလမ်းတခုထက် ဘာမျှမပိုဟု ရှုံ့ ချသတ်မှတ်ခဲ့သည်။ တဖန် ၁၉ ရာစုနှစ်တွင် အမေရိကန် သမိုင်းပညာရှင် ဟင်နရီ အဒမ်(စ) က နိုင်ငံရေး ဆိုသည်မှာ ‘ရန်ငြိုးများကို စနစ်တကျ ပေါင်းစပ် ဖွဲ့ စည်းထားခြင်း’ ဖြစ်သည်ဟု အနှစ်ချုပ်ဖွင့်ဆိုခဲ့သည်။ ထို့ ကြောင့် နိုင်ငံရေး ကို အဓိပ္ပါယ် ဖွင့်ဆိုရန် ကြိုးပမ်းမှုမှန်သမျှ ထိုဝေါဟာရကို အခြားသော အကြောင်းအရာများ နှင့် ပေါင်းစပ်ခြင်းမှ ကြိုးစားခွဲထုတ်ရန် လိုအပ်လာသည်။ ဆိုလိုသည်မှာ နိုင်ငံရေး သည် ချီကျုးဖွယ်ကောင်းသော၊ တန်ဖိုးရှိသော လုပ်ဆောင်မှုတခုဖြစ်ကြောင်း အခြေခိုင်စေခြင်းဖြင့် ၄င်း၏ နှစ်မြို့  ဖွယ်မကောင်းသော ကျော်ကြားမှုများမှ ကယ်တင်ရန် ကြိုးစားခြင်း ဖြစ်သည်။ 

ဒုတိယ ပြဿနာရပ်မှာ ပိုမို၍ ဖြေရှင်းရန် မလွယ်ကူသော အခက်အခဲတခု ဖြစ်သည့် နိုင်ငံရေး ဆိုသည်မှာ မည်သည့် အကြာင်းအရာ၊ မည်ကဲ့သို့ သောလုပ်ဆောင်မှုကိုဆိုလိုသည်ကို ရိုသေလေးစားထိုက်သော ပညာရှင်များပင်သဘောတူညီမှုမရရှိနိုင်ခြင်းဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ အာဏာကို ကျင့်သုံးမှု(the exercise of power)၊ အာဏာပိုင်၏ လုပ်ဆောင်မှု(the exercise of authority)၊ စုပေါင်းဆုံးဖြတ်ချက်များ ချမှတ်ခြင်း (the making of collective decisions)၊ ရှားပါးသော အရင်းအမြစ်များကို ခွဲဝေခြင်း (the allocation of scarce resources)၊ လှည့်ဖြားခြင်း နှင့် ပရိယာယ်နှင့်စီမံဆောင်ရွက်ခြင်းတို့ ကို ကျင့်သုံးမှု(the practice of deception and manipulation) စသည်ဖြင့် အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြသည်။ ယခု စာအုပ်တွင် တိုးချဲ့ ဖွင့်ဆိုထားသော နိုင်ငံရေး အဓိပ္ပါယ်၏ ကောင်းမွန်မှုမှာ (နိုင်ငံရေး ဆိုသည်မှာ) ‘အထွေထွေ လူမှုစည်းမျဉ်းများကို ပြဋ္ဌာန်းခြင်း၊ ထိန်းသိမ်းခြင်း နှင့် ပြုပြင်ခြင်း’ (the making, preserving and amending of general social rules) ပင် ဖြစ်သည်။ ဤဖွင့်ဆိုချက်သည် အခြားသော အမျိုးမျိုးအထွေထွေ အဓိပ္ပါယ်ဖွံ့ ဆိုချက် အကုန်အစင် မဟုတ်လျှင်တောင် အများစုကို ခြုံငုံနိုင်လောက်အောင် ကျယ်ဝန်းသည်။ သို့ သော်လည်း အဓိပ္ပါယ်ကို အသေးစိတ် ရှင်းလင်းဖွင့်ဆိုသော အခါတွင်ဖြစ်စေ ပြန်လည်ပြင်ဆင် သုံးသပ်သော အခါတွင်ဖြစ်စေ ပြဿနာများ ပေါ်ပေါက်လာသည်။ ဥပမာ - နိုင်ငံရေးဆိုသည်မှာ စည်းမျဉ်း၊ စည်းကမ်းများကို မည်သို့ မည်ပုံ ပြဋ္ဌာန်းသည်၊ ထိန်းသိမ်းသည်၊ ပြုပြင်သည် (ဆိုလိုသည်မှာ - ငြိမ်းချမ်းစွာ ပြဋ္ဌာန်း၊ ထိန်းသိမ်း၊ ပြုပြင်သည် (peacefully)၊ (မူဝါဒများအား) အပြိုင်အဆိုင်၊ အပြန်အလှန် ဆွေးနွေးဖလှယ်ပြီးမှ အတည်ပြုပြဋ္ဌာန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်၊ ပြင်ဆင်ခြင်း (by debate)) ကိုဆိုလိုသည်လော သို့ မဟုတ် ထိုကဲ့သို့ သောလုပ်ငန်းစဉ်များအားလုံးကို ရည်ညွှန်းသလော စသည့် ပြဿနာမျိုးဖြစ်သည်။ အလားတူစွာပင် နိုင်ငံရေးသည် လူမှုရေး အခြေအနေများ၊ အဖွဲ့ အ စည်းများအားလုံး တွင်ကျင့်သုံးသလော သို့ မဟုတ် အချို့ သော အဖွဲ့ အစည်းများ၌သာ (အစိုးရ (government) နှင့် ပြည်သူလူထု နှင့် ပတ်သက်ဆက်ဆံရသော လုပ်ငန်းဆောင်တာများ (public life) တွင်သာ နိုင်ငံရေး ကိုကျင့်သုံးသလော (ဆိုလိုသည်မှာ အစိုးရ သို့ မဟုတ် အစိုးရ ဋ္ဌာနများ၊ ရုံးများနှင့် ပါတ်သက်မှသာ နိုင်ငံရေးဟု ခေါ်ဆိုသလော ဟူ၍ဖြစ်သည်)။ 

ထို့ ကြောင့် နိုင်ငံရေးကို မဖြစ်မနေ ငြင်းခုံဆွေးနွေးနေရသော သဘောတရား တစ်ခုအဖြစ် မှတ်ယူကောင်း မှတ်ယူနိုင်သည်။ ထိုကဲ့သို့ မှတ်ယူမည်ဆိုလျှင် နိုင်ငံရေးဟူသော ဝေါဟာရတွင် လက်ခံနိုင်သော သို့ မဟုတ် အကျိုးအကြောင်းသင့်သော အဓိပ္ပါယ်များစွာရှိသည်။ တခြားတဘက်တွင်လည်း ထိုကဲ့သို့ မတူညီသော ရှုမြင်သုံးသပ်မှုများတွင် သဘောတရားတခုတည်း၏ (မထင်မရှားသာ) ကွဲပြားခြားနားသည့် အယူအဆများသာ ပါဝင်ကောင်း ပါဝင်လိမ့်မည်။ ကျွန်ုပ်တို့ အနေနှင့် ခေတ်ပြိုင်သဘောတရားများ သို့ မဟုတ် အခြားထင်မြင်ယူဆချက်များ နှင့် ပါတ်သက်သည့်အခါ ‘နိုင်ငံရေး ဆိုတာဘာလဲ’ ဆိုသည်ကို ငြင်းခုံဆွေးနွေးရကြိုးနပ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ငြင်းခုံဆွေးနွေးမှု သည် နိုင်ငံရေး ကို ပညာရပ်တစ်ခုအဖြစ်လေ့လာရာတွင် အနက်ရှိုင်းဆုံးသော အသိပညာနှင့်ဝါဒရေးရာ သဘောထားကွဲလွဲမှုများမှ အချို့ ကို ဖော်ထုတ်နိုင်သော ကြောင့်ဖြစ်သည်။ ဤစာအုပ်တွင် လေ့လာဆန်းစစ်ထားသော နိုင်ငံရေး၏ သဘောသဘာဝ အပေါ် မတူညီသောရှုမြင်သုံးသပ်ချက်များမှာ - 

• နိုင်ငံရေး အား အုပ်ချုပ်မှုအတတ်ပညာအဖြစ် (politics as the art of government) 
• နိုင်ငံရေး အား တိုင်းသူပြည်သားတို့ ၏ အရေးကိစ္စများ အဖြစ် (politics as public affairs) 
• နိုင်ငံရေး အား နှစ်ဦးနှစ်ဘက် အပေးအယူ၊ အလျှော့အတင်းပြုလုပ်ခြင်း နှင့် ဘုံသဘောတူညီမှုတည်ဆောက်ခြင်း အဖြစ် (politics as compromise and consensus) 
• နိုင်ငံရေး အား အာဏာနှင့် အရင်းအမြစ်များကို ဝေငှဖြန့် ဖြုးခြင်းအဖြစ် (politics as power and the distribution of resources) စသည်တို့ ဖြစ်သည်။ 

Andrew Heywood ၏ Politics ကိုတိုက်ရိုက်ပြန်ဆိုသည်။